Saturday, December 20, 2008

တိ-တု-တူ-တေ-တော-တော်--တိတ္ထိ မှ တော်ဝင်သူ

တိတ္ထိဂိုဏ်း ဆရာကြီး ၆-ယောက်။ ။ မူလပဏ္ဏာသ ပါဠိတော်။ ၂၅၈။ ဋ္ဌ။ ဒု-အုပ်။ ၁၃၆။ သာသနာဝင်၌ ထင်ရှား၍ ဘုရားနှင့်ပြိုင်ဖက် တိတ္ထိဆရာကြီး ၆-ယောက်။
(၁) ပူရဏကဿပ၊
(၂) မက္ခလိ ဂေါသာလ
(၃) နိဂဏ္ဍ နာဋပုတ္တ၊
(၄) သဉ္ဇယ ဗေလဋ္ဌ ပုတ္တ သိဉ္ဇည်း၊
(၅) ဗကုဓ ကစ္စာယန၊
(၆) အဇိတ ကေသ ကမ္ဗလ။

တိတ္ထိတို့ ရဟန်းပြုလိုသော် ပေးရမည့် ၀တ်အကျင့် ၈-ပါး။ ။ အကျယ်ကို ၀ိနည်းမဟာဝါ။ ပါ။ ၁၀၀။ ၎င်းင်း၊ ဋ္ဌ၊ ၂၇၅။ တို့၌ကြည့်ပါ။
(၁) အလွန်စောစွာ ရွာတွင်းသို့မ၀င်ရ၊ အလွန်နေမမြင့်မီ ကျောင်းသို့အရောက် ပြန်လာရမည်၊
(၂) မကျက်စား အရောတ၀င်မပြုရသော ပြည့်တန်ဆာမ၊ မုဆိုးမ၊ အပျိုဟိုင်းကြီး၊ ပဏ္ဍုတ်၊ ရဟန်းမတို့နှင့် ရောနှောစွာ မဆက်ဆံရခြင်း၊ (၃) သီတင်းသုံးဖေါ်တို့၏ ကိစ္စကြီးငယ်တို့ကို အလိုက်သိစွာ ပြုလုပ်ဆောင်ရွက်ပေးရခြင်း၊
(၄) သီလ သမာဓိ ပညာကို လိုလားဆန္ဒကြီးစွာဖြင့် ပါဠိ အနက်အဓိပ္ပါယ်တို့ကို သင်ယူမေးမြန်း ဆွေးနွေးရခြင်း၊
(၅) တိတ္ထိတို့၏ အမှား ဂုဏ်ကျေးဇူးမဲ့ ကဲ့ရဲ့စကားကို နှစ်သက်စွာလက်ခံပြောကြားရခြင်း၊
(၆) တိတ္ထိတို့၏ ဂုဏ်ကျေးဇူးကို ပြောဆိုစကား၌ မနှစ်သက် လက်မခံရခြင်း၊
(၇) ဘုရားတရား သံဃာတော်တို့၏ ကျေးဇူးမဲ့ကို ကဲ့ရဲ့ပြေားကြားစကား၌ မနှစ်သက် လက်မခံရခြင်း၊
(၈) ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးစကားတို့ကို ချီးမွမ်းပြောကြားရခြင်း၊ နှစ်သက်စွာ နာယူလက်ခံရခြင်း။



တိထီ ၅-ဖြာ၊ မင်္ဂလာ၊ အခါတော်ကိုရွေး။ ။ ၎င်းင်း တိထီငါးပါးကို အခါပေးကျမ်းမှယူသည်။
(၁) နန္ဒာ တိထီ- မည်သည့်လမဆို လဆန်း လဆုတ် ၁-ရက် ၆-ရက် ၁၁-ရက်နေ့တို့၌ တနင်္ဂနွေç သောကြာနှင့်ကြိမ်မူ နန္ဒာတိထီမည်၏၊ ထိုနေ့၌ ဇရပ် အိမ် ကျောင်း အုဌ်ရိုး၊ ပုထိုးစေတီနှင့်တကွရေကန် ရေတွင်း တံခွန် မဏ္ဍပ် တံတားစသည်တို့ကိုလည်းကောင်း၊ မင်းထံခစားခြင်း ခရီးသွားခြင်းတို့ကို လည်းကောင်း၊ ပြုရသော နေ့ကောင်းနေ့မြတ်ဖြစ်၏။
(၂) ဘဒြာ တိထီ- မည်သည့်လမဆို လဆန်း လဆုတ် ၂-ရက် ၇-ရက် ၁၂-ရက်နေ့၌ တနင်္လာ ဗုဒ္ဓဟူးနှင့်ကြိမ်မူ ဘဒြာတိထီမည်၏၊ ထိုနေ့၌ မင်းထံခစားခြင်း၊ မိတ်ဖွဲ့ခြင်း၊ ကာယသိဒ္ဓိစီရင်ခြင်း၊ အမည်မင်္ဂလာမှည့်ခြင်း၊ ရောင်းဝယ်ခြင်းတို့ကိုပြုရာသော နေ့ကောင်းနေ့မြတ်ဖြစ်၏။
(၃) ဇေယျာ တိထီ- မည်သည့်လမဆို လဆန်း လဆုတ် ၃-ရက်၊ ဂ-ရက်၊ ၁၃-ရက်တို့၌ အင်္ဂါနေ့နှင့်ကြိမ်မူ ဇေယျာတိထီမည်၏၊ ထိုနေ့၌ မြို့ရွာနန်းတော်တည်ဆောက်ခြင်း၊ ကျုံးမြောင်းတံတားပြုလုပ်ခြင်း၊ ဓားလှံ သေနတ် အမြောက် စိန်ဗုံး အဲမောင်း ချပ် မိန်ညို ကာ လွှား ဆင် မြင်းတန်ဆာ ဆင်ယင်ပြုလုပ်ခြင်း၊ ရန်သူရှိရာ တပ်တည်ခြင်း၊ ကင်းတိုကင်းရှည်
ထားခြင်း၊ အောင်တမန်သံတော်များ စေခန့်ခြင်း၊ မင်းမြောက်တန်ဆာ စီရင်လုပ်ဆောင်ခြင်း၊ ပြာသာဒ်ရထား ဆောက်လုပ်ခြင်း၊ ဘုရားထီးတင်ခြင်း၊ ဘိသိက် ခံယူခြင်း၊ တိုင်းတပါးနှင့် စာချုပ်ဆိုခြင်း၊ ယတြာယာယီ ခရီးမူခြင်းတို့ကို ပြုလုပ်ရာ၌ အကောင်းဆုံးသော အခါဖြစ်၏။
(၄) ရိတ္တာ တိထီ၊ မည်သည့်လမဆို လဆန်း လဆုတ် ၄-ရက်၊ ၉-ရက်၊ ၁၄-ရက်တို့၌ စနေနေ့ကြိမ်သော် ရိတ္တာ တိထီမည်၏၊ ထိုနေ့၌ အမှုခပ်သိမ်းမဆောင်ကောင်း၊ အကျိုးမဲ့ အချီးအနှီးဖြစ်တတ်၏။
(၅) ပုဏ္ဏာ တိထီ၊ မည်သည့်လမဆို လဆန်း လဆုတ် ၅-ရက်၊ ၁၀-ရက်၊ ၁၅-ရက်တို့၌ ကြာသပတေးနေ့ နှင့်ကြိမ်မူ ပုဏ္ဏာတိထီမည်၏၊ ထိုနေ့၌ အတတ်သင်ခြင်း၊ မော်ကွန်းတည်ခြင်း၊ မန္တန်ရွတ်ခြင်း၊ ကမ္ဗည်း ကျောက်စာထိုးစိုက်ခြင်း၊ ဥယျာဉ်လယ်ယာစိုက်ပျိုးခြင်း၊ သဘင်ခံခြင်း၊ ယာဉ် ရထား လှည်းလှေသင်္ဘော အသစ်တို့ကိုစ၍စီးနင်းခြင်း၊ ကျီကြတိုက်တာ ဂိုထောင်တို့၌ ဥစ္စာသွင်းခြင်း၊ ထိမ်းမြားမင်္ဂလာပြုခြင်း၊ သားမြေးတို့ကို အ၀တ်တန်ဆာပေးခြင်း၊ ၀တ်စားဆင်ယင်ခြင်း၊ ရတနာအမျိုးမျိုးတို့ကို ရောင်းဝယ်ခြင်း၊ စသည်ပြုရာ၌ အကောင်းဆုံးသောအခါများဖြစ်၏။
တိထီ ၅-ပါး ဇယားပုံ
----------လစဉ် ----------- ရက်များ ------------ နေ့---------- တိထီအမည်
----
လဆန်း လဆုတ် ---------၁-၆-၁၁ ---------၁-နွေ၊ ၆-ကြာ--- ----- နန္ဒာတိထီ
---------------- ။ ။ ------------ ၂-၇-၁၂---------- ၂-လာ၊ ၄-ဟူး---------- ဘဒြာတိထီ
----------------။ ။ ----------- ၃-၈-၁၃-------------- အင်္ဂါ---------------- ဇေယျာတိထီ
---------------- ။ ။ ----------- ၄-၉-၁၄--------------- စနေ------------- ရိတ္တာတိထီ
---------------- ။ ။------------- ၅-၁၀-၁၅---------- ကြာသပတေး --------- ပုဏ္ဏာတိထီ

တိထီ ၅-ပါး တစ်နည်း။ ။ စန်းကိုခေါ်သော ဗေဒင်သုံးစကားတစ်မျိုးဟု အကျဉ်းမှတ်လေ။
လဆန်း ၁ ၂ ၃ ၄ ရက်သည် စန်းအားနည်းသောကြောင့် ဟိနစန်း၊ တိန တိထီ မည်၏။
လဆန်း ၅ ၆ ၇ ၈ ၉ ၁၀ ရက်သည် စန်းအားကြီးသောကြောင့် ဗလ၀စန်း၊ ဗလ၀ တိထီမည်၏။
လဆန်း ၁၂ ၁၃ ၁၄ ၁၅ ရက်သည် စန်းအားအလွန်ကြီးသောကြောင့် အတိဗလ၀စန်း၊ အတိဗလ၀ တိထီမည်၏။
ထို့အတူ လဆုတ် ၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ရက်သည် စန်းအားကြီးသောကြောင့် ဗလ၀ စန်း။ ဗလ၀ တိထီမည်၏။
လဆုတ် ၁၂ ၁၃ ၁၄ ၁၅ ရက်သည် စန်းအားနည်းသောကြောင့် ဟိနစန်း၊ ဟိန တိထီမည်၏။
ထိုတိထီတို့တွင် ဟိနစန်း ဟိနတိထီကိုကား မဆောင်အပ် မကောင်းကျိုးကိုပေးတတ်သည်၊
ဗလ၀ စန်း ဗလ၀ တိထီတို့ကား ကောင်းကျိုးကိုပေးတတ်၏၊
အတိဗလ၀ စန်း၊ အတိဗလ၀တိထီတို့ကား အလွန်သောအကျိုးကိုပေးတတ်၏ဟု ရာဇတ္တဏ်ဆရာ ဒီပိကာဆရာတို့ ဆိုကုန်၏။

တိထီ ၅-ပါး တစ်နည်း။ ။
ဆောင်အပ်သော တိထီကိုတည်၊ ၅-ခုစား ။
တစ်ကြွင်းမူ 'နန္ဒာတိထီ' လူနတ်တို့ နှစ်သက်၏၊
၂ ကြွင်းမူ 'ဘဒြာတိထီ' ကောင်းကျိုးကိုဖြစ်စေတတ်၏၊
၃ ကြွင်းမူ 'ဇေယျာတိထီ' အောင်မြင် ထမြောက်တတ်၏၊
၎ ကြွင်းမူ 'ရိတ္တာတိထီ' အချည်းအနှီးဖြစ်တတ်၏၊ အမှုခပ်သိမ်း မဆောင်ကောင်း၊
သုဉ်းမူ 'ပုဏ္ဏာတိထီ' ပြည့်စုံတတ်၏။

တိရစ္ဆာန်အပြား မျိုး ၄-ပါး။ ။ တိရစ္ဆာန် အနန္တပင်ရှိသော်လည်း အမျိုးအားဖြင့်ကား ဤလေးပါးသာရ၏။
(၁) အပါဒကမျိုး- ခြေမရှိသော တိရိစ္ဆာန်မျိုး၊
(၂) ဒွိပါဒကမျိုး- ခြေနှစ်ချောင်းရှိ တိရစ္ဆာန်မျိုး၊
(၃) စတုပါဒမျိုး-ခြေလေးချောင်းရှိတိရိစ္ဆာန်မျိုး၊
(၄) ဗဟုပ္ပဒမျိုး- ခြေလေးချောင်းထက်များသော တိရိစ္ဆာန်မျိုး။

တိရစ္ဆာန ကထာ ၃၂-ပါး။ ။ မဟာဝဂ္ဂသံယုတ် ပါဠိတော် ၃၆၈။ ဋ္ဌ။ ၃၂၅ ၌ အကျယ်ရှုပါ။ မဂ်ဖိုလ်မှ ဖီလာကန့်လန့်စကားရပ်ဟူသမျှသည် တိရစ္ဆာနကထာချည်းမည်၏၊ အနေက ၀ိဟိတံ တိရစ္ဆာန ကထံဟု သီလက္ခန်ပေါဋ္ဌပါဒသုတ်၌ လာရှိသောကြောင့်လည်း တိရစ္ဆာနကထာကို ၃၂ ပါးဟု အတိအကျ သင်္ချာတပ်ရန်မလိုဟု ထင်သည်။ သို့သော် 'အမေးရှိက အဖြေရမြဲ' သဘောတရားအတိုင်း ထို ပေါဋ္ဌပါဒသုတ် ပါဠိတော်မှပင် ၂၈-ပါးယူ၍ အခြားကျမ်းမှ ၄-ပါးနှင့် ဖြေလိုက်အံ့။
(၁) ရာဇကထံ- မင်းနှင့်စပ်သောစကား၊
(၂) စောရကထံ-သူခိုးနှင့်လည်းကောင်း၊
(၃) မဟာမတ္ထကထံ- အမတ်ကြီး နှင့်လည်းကောင်း၊
(၄) သေနာကထံ- စစ်သည်နှင့်လည်းကောင်း၊
(၅) ဘယကထံ- ကြောက်မက်ဖွယ် နှင့်လည်းကောင်း၊
(၆) ယုဒ္ဓကထံ- စစ်တိုက်ခြင်းနှင့်လည်းကောင်း ၊
(၇) အန္နကထံ- စားဖွယ်နှင့်လည်းကောင်း၊
(၈) ပါနကထံ-သောက်ဖွယ် နှင့်လည်းကောင်း၊
(၉) ၀တ္ထကထံ- အ၀တ် နှင့်လည်းကောင်း၊
(၁၀) သယနကထံ-အိပ်ရာနှင့် လည်းကောင်း၊
(၁၁) မာလာကထံ- ပန်း နှင့်လည်းကောင်း၊
(၁၂) ဂန္ဓကထံ- နံ့သာမွှေးထုံနှင့် လည်းကောင်း၊
(၁၃) ဥာတိကထံ-ဆွေမျိုးနှင့်လည်းကောင်း၊
(၁၄) ယာနကထံ- ယာဉ်နှင့်လည်းကောင်း၊
(၁၅) ဂါမကထံ- ရွာနှင့်လည်းကောင်း၊
(၁၆) နိဂမကထံ- နိဂုံးနှင့်လည်းကောင်း၊
(၁၇) နဂရကထံ- မြို့နှင့်လည်းကောင်း၊
(၁၈) ဇနပဒကထံ- နယ်နှင့် လည်းကောင်း၊
(၁၉) ဣတ္ထိကထံ- မိန်းမနှင့် လည်းကောင်း၊
(၂၀) ပုရိသကထံ- ယောက်ျားနှင့် လည်းကောင်း၊
(၂၁) သူရကထံ- သူရဲကောင်းနှင့် လည်းကောင်း၊
(၂၂) ၀ိသိခါကထံ- မြို့တွင်းလမ်းနှင့်လည်းကောင်း၊
(၂၃) ကုမ္ဘဌာနကထံ- ရေခပ်ဆိပ်နှင့်လည်းကောင်း၊
(၂၄) ပုပ္ဗေတကထံ- သေလွန်သူနှင့်လည်းကောင်း၊
(၂၅) နာနတ္တကထံ- အထွေထွေနှင့်လည်းကောင်း၊
(၂၆) လောကက္ခာယိကံ- လောကကြောင့်နှင့် လည်းကောင်း၊
(၂၇) သမုဒ္ဒက္ခာယိကံ- သမုဒ္ဒရာပင်လယ်နှင့်လည်းကောင်း၊
(၂၈) ဣတိဘ၀ါဘ၀ကထံ- ကြီးပွားဆုတ်ယုတ်ခြင်းနှင့်လည်းကောင်း၊
(၂၉) ဂမိကကထံ- ခရီးသည် နှင့်လည်းကောင်း၊
(၃၀) ကုမာရကထံ- လူပျိုနှင့် လည်းကောင်း၊
(၃၁) ကုမာရီကထံ- အပျို နှင့်လည်းကောင်း၊
(၃၂) ကုမ္ဘဒါသီကထံ- ရေရွက်ကျွန်မနှင့် စပ်သောစကား။

တိလင်္ကာသာမျိုး ၃-ပါး။ ။ လင်းလေ, ဆေးသူငယ်ချက်, ပညာလင်္ကာ ၎င်းင်းသုံးပါးကိုခေါ်ဆိုသည်။ ဆေးကျမ်း ဝေါဟာရ။

« တု »

တုတ္ထာမျိုး ၄-ပါး။ ။ သဗ္ဗဓာတု ၀ိတ္ထာရ ပကာသနီကျမ်းမှ ဖြစ်ရာဌာနနှင့်တကွ အကျယ်ကို ၎င်းင်းကျမ်း လောဟပါစက အခဏ်းတွင်ရှုလေ။
(၁) ဟာဋက တုတ္ထကံ- ရွှေစားတုတ္ထာ၊ ရှစ်မူးရွှေနှင့် ညီမျှ၏။ ရွှေထွက်သည်၊ လက်ယာ လမ်းမှာအသုံးပြုရသည်၊
(၂) ရူပ တုတ္ထကံ- ငွေစား တုတ္ထာ၊ ဖြူသောစရံရှိ၏၊ ငွေထွက်သည်၊ လက်ဝဲလမ်း၌ စီရင်ရသည်၊
(၃) ဗိသ နာသန တုတ္ထကံ- ကြေးစားတုတ္ထာ၊ စိမ်းပြာပြာအရောင်ရှိ၍ ယခုဘယဆေးဆိုင်များ၌ ရသော တုတ္ထာမျိုး၊ ကြေးထွက်သည်၊ ဆေးဝါးကုခြင်း၌သုံးရသည်၊
(၄) ပါရဒတုတ္ထကံ- ပြဒါးစား တုတ္ထာ၊ ဖြူစိမ်းစိမ်းနှင့် ပွပွရှိ၏၊ ပြဒါးထွက်သည်၊ ထွက်ရပ်သိဒ္ဓိလမ်းတို့၌ စီရင်ရသည်ဟူ၏၊ ၎င်းင်းကိုပင် 'ရ'ကျေ၍ (ပါဒ တုတ္ထာ)ဟု ခေါ်ဆိုကြလေသည်။

« တူ »

တူရိယာမျိုး ၅-ပါး။ ။ ဗုဒ္ဓ၀င်။ ပါ။ ၃၁၃။ ဋ္ဌ။ ၁၂၅။ ၀ိမာန၀တ္ထု။ ဋ္ဌ။ ၃၂။ ၈၆။ သံယုတ်။ ဋ္ဌ။ ပ-အုပ်။၁၇၆။ အင်္ဂုတ္တရ။ ဋ္ဌ။ တတိယအုပ်။ ၂၃၃-တို့၌ ကြည့်ပါ။ တီးမှုတ်ရန်တန်ဆာဖြစ်သော တူရိယာမျိုး ၅-ပါး။
(၁) အာတတ- အိုးစည်စသော သားရေတစ်ဖက်ပိတ်၍ကြက်အပ်သောစည်၊
(၂) ၀ိတတ- သားရေ နှစ်ဖက် ပိတ်အပ်သော မုရိုးစည် စသည်၊
(၃) အာတတ ၀ိတတ- အလုံးစုံ သားရေဖြင့်ကြက်အပ်သော ထက်စည် စသည်၊
(၄) သုသိရ- အခေါင်းရှိသော နှဲ ပြွေ ခရုသင်း ကော့နက် ခရာ ၀ီစီ စသည်၊
(၅) ဃန တစ်ခဲနက် တီးခတ်အပ်သော လင်းကွင်း, မောင်း, တရုတ်လင်ပန်း စသည်။

တူရိယာမျိုး ၅-ပါး၊ တစ်နည်း။ ။
(၁) ကြေးဖြင့်ပြုလုပ်၍ တီးအပ်သော မောင်း ကြေးနင်းစသော တူရိယာ၊
(၂) ကြိုးဖြင့် ပြီးစေအပ်ပြုလုပ်၍တီးအပ်သော စန္ဒရား စောင်းကောက် ဟွန်းတရော မယ်ဒလင် စသောတူရိယာ၊
(၃) သားရေ၏မျက်နှာပြင်၌ တီးခပ်အပ်သော ပတ်မကြီးဗုံရှည်စသော တူရိယာ၊
(၄) လေဖြင့်မှုတ်၍ မြည်စေအပ်သော နှဲ ပြွေစသော တူရိယာ၊
(၅) အချင်းချင်းရိုက်ခတ်၍ တီးအပ်သော ၀ါးလက်ခုပ် ချပ် စသောတူရိယာ၊
၎င်းင်းတို့ကိုပင် မဃဒေ၀လင်္ကာ၌ 'အာဝိအစ၊ တတသုံးထွေ၊ နှဲ ပြွေ ခံသ၊ သူသိရနှင့်၊ ဃနဘော်ထည့်၊
ပြည့်၏ ငါးဖြာ၊ ကျမ်း၌လာသား' ဟူ၍လည်းကောင်း၊
ဥတေနပျို့၌လည်း "ကြေးကြိုး သားရေ၊ လေနှင့် လက်ခုပ်၊ သရုပ်ပိုင်းခြား၊ ငါးပါးမှန်စွာ၊ သံဝါ သံမြင့်၊ ကျူးအေးရင့်လျက်" ဟူ၍
လည်းကောင်း စပ်ဆိုထားကြ၏။

တူရိယာမျိုး ၃၇-ပါး။ ။ ပြည်ထောင်စုမြန်မာနိုင်ငံတော်သားတို့၏ ရှေးဟောင်းယဉ်ကျေးမှုမှ သမိုင်းဝင်တူရိယာများ။
(၁) စည်မျိုး ၁၃-ပါး၊
(၂) ကြေးမျိုး ၁၀-ပါး၊
(၃) တံပိုးမျိုး ၈-ပါး၊
(၄) အငြိမ့်မျိုး ၆-ပါး၊
ပေါင်း ၃၇-ပါးဖြစ်၏။

တူရိယာသံ ၇-တန်။ ။ ၎င်းင်းသရုပ် (ဂီတအသံ ၇ တန်) နှင့် တူ၏။

« တေ »

တေဇောဓာတ်ကြီး ၄-ပါး။ ။ မူလပဏ္ဏာသ။ ပါ။ ၈၉၇။ ဋ္ဌ။ ဒု-အုပ်။ ၃၇ ၌ ရှုပါ၊
(၁) သန္တပ္ပန တေဇော-ကိုယ်အလုံးကို ပူပန်စေတတ်၊ အိုက်ခြင်း ပူခြင်း အငွေ့ထွက်ခြင်းများကိုဖြစ်စေတတ်သော အပူဓာတ်၊
(၂) ဒဟ တေဇော- မခံမရပ်နိုင်အောင် အလွန်ပူလောင်၍ ရေလောင်းပါ ယပ်ခပ်ပါဟု ငိုကြွေးဟစ်အော်နေသော အပူဓာတ်၊
(၃) သီတတေဇော- ကိုယ်အလုံး အလွန်အေး၍ ကြက်သီးတဖြန်းဖြန်းထနေသော အအေးဓာတ်၊
(၄) ပါစက တေဇော- စားမျိုသော အစာအာဟာရတို့ကို ခြေတတ် ချက်တတ် ကြေကျက်အောင်ပြုတတ်သောဓာတ်။

တေးသီဆိုသံ ၇-တန်။ ။ ၎င်းင်းသရုပ် (ဂီတသံ ၇-တန်)၌ ရှုပါ။

« တော »

တော ၄၀။ ။ ပဋိသမ္ဘိဒါမဂ်။ ပါ။ ၄၁၁။ ဋ္ဌ။ ဒု-အုပ်။ ၃၁၆ ၌ဖွင့်ဆိုသည်။ အနိစ္စတော၊ ဒုက္ခတော၊ စသောဘာဝနာ ၄၀-ကို အချို့ဆရာတို့က "တော လေးဆယ်"ဟု ရေးသားခေါ်ဝေါ်ကြကုန်၏။ ၎င်းင်းအကျယ် (ဘာဝနာ ၄၀)မှာ ပြမည်။

တောထွက်ရဟန်းကြီးတို့ ရနိုင်ခက်သောတရား ၅-ပါး။ ။ ပဉ္စင်္ဂုတ္တိုရ်။ နိဝရဏ၀ဂ်၌၊ ဤ၌ 'စုဍ္ဎုပဗ္ဗဇ္ဇိတ'ကို တောထွက်ရဟန်းကြီးဟု အသိများကြ၏။
(၁) ဒုလ္လဘော နိပုဏော- နူးညံ့သိမ်မွေ့ ယဉ်ကျေးရိုသေမှု ပြုနိုင်ခက်ခြင်း၊
(၂) ဒုလ္လဘော အာကပ္ပ သမ္ပန္နော- ရဟန်းတို့၏ ဟန်ပန်သွင်ပြင် ၀တ်ရုံစားသောက်ပုံကို ပြုနိုင်ခက်ခြင်း၊
(၃) ဒုလ္လဘော ဗဟုဿုတော- ပိဋကစာပေ အကြားအမြင် ရနိုင်ခက်ခြင်း၊
(၄) ဒုလ္လဘော ဓမ္မကထိကော- တရားဟောဆရာကြီး ဖြစ်နိုင်ခက်ခြင်း၊
(၅) ဒုလ္လဘော ၀ိနယဓရော- ၀ိနည်းဓိုရ်ကြီး ဖြစ်ရန်ခက်ခြင်း။

တောထွက်ရဟန်းကြီးတို့ ရနိုင်ခက်သောတရား ၅-ပါး၊ တစ်နည်း။ ။
(၁) ဒုလ္လဘော သုဝစော ဆိုဆုမ္မရ ခက်၏၊
(၂) ဒုလ္လဘော သုဂ္ဂဟိ တဂ္ဂါတီ- အယူဝါဒကောင်းကို အကောင်းယူနိုင်ခဲ၏၊
(၃) ဒုလ္လဘော ပဒေက္ခိဏဂ္ဂါဟီ- ရိုသေလိုက်နာကျင့်ကြံရမည့် သြ၀ါဒစည်းမျဉ်းကို ရိုသေလိုက်နာခဲ၏။
(၄) ဒုလ္လဘော ဓမ္မကထိကော-တရားဟောဆရာကြီးဖြစ်ရန် ခဲယဉ်း၏။
(၅) ဒုလ္လဘော ၀ိနယဓရော- ၀ိနည်းဓိုရ်ကြီးဖြစ်ရန် ခဲယဉ်း၏။

တောမြိုင်ပရိယာယ်၊ မျိုး ၈-သွယ်၊ ဖွယ်ဖွယ်ရာရာသိ။ ။ ၎င်းင်း၏သရုပ်ကို
(မြိုင်ကြီး ၈-သွယ်၊ ကဗျာဝယ်၊ဆန်းကြယ်အမည်များ)ဟူသော သုတေသနစကားရပ်၌ ကြည့်ပါ။

တောင်ကျွန်း၏ထူးမြတ်ခြင်းကြီး ၅-ပါး။ ။ တခြားကျွန်တို့ထက် ထူးမြတ်ပုံကို ဆိုသည်၊
(၁) ယူဇနာတစ်သောင်းကျယ်၍ အခြားကျွန်းတို့ထက် ကျယ်ဝန်းခြင်း၊
(၂) မဟောဗောဓိပင်မင်းနှင့် အပရာဇိတ ပလ္လင်တော်ပေါက်ရာဖြစ်ခြင်း၊
(၃) ဘုရားပစ္စေကဗုဒ္ဓါတို့၏ ပွင့်ထွန်းပေါ်ပေါက်ရာဖြစ်ခြင်း၊
(၄) စကြာ မန္ဓာတ်မင်းမြတ်တို့၏ဖြစ်ပေါ်ရာဖြစ်ခြင်း၊
(၅) နိဗ္ဗာန်သို့ ဖြောင့်တန်းစွာကူးနိုင်ရာကျွန်းမြတ် ဖြစ်ခြင်း။

တောင် ၅-လုံးခို ရာဇဂြိုဟ်။ ။
ဝေဘာရတောင်၊
ဝေပုလ္လတောင်၊
ပဏ္ဍ၀တောင်၊
ဂိဇ္ဈကုဋတောင်၊
ဣသိဂိလိတောင်၊
၅-လုံးဝိုင်းရံထားသော မြို့တော်ဟူ၏။

တောင်စဉ် ၇-ထပ်။ ။ ဟိမ၀န္တာ ဆဒ္ဒန်အိုင်၏ အရံများဖြစ်သော တောင်ဝန်း တောင်ထပ်တို့မှာ ၇-ဖြာရှိ၏။ ဇိနလင်္ကာရဋီကာ။
၁ သုဝဏ္ဏပဿတောင်၊
၂ မဏိပဿတောင်၊
၃ သုရိယပဿတောင်၊
၎ စန္ဒပဿတောင်၊
၅ ဥဒကပဗ္ဗတောင်၊
၆ မဟာကာဠတောင်၊
၇ စူလကာဠတောင်။

တောင်စဉ် ၇-ထပ်၊ တစ်နည်း။ ။ ၀ိသုဒ္ဓိမဂ်၊ ပ-အုပ်။ ၉၀-နှင့် ၂၀၀။ စူလနိဒ္ဒေသ၊ ဋ္ဌ။ ၃၈-တို့၌ အကျယ်ရှု။ မြင့်မိုရ်တောင်ကြီးကို ၀န်းဝိုင်းပတ်ခွေလျက် တည်နေကြသော တောင်ရံခုနစ်ထပ်ဟူလို။
(၁) ယုဂန္ဓရတောင်-၎င်းင်းတောင်၏ ရေမြှုပ်ရေပေါ် အထုအနံတို့ကား ယူဇနာပေါင်း ၄၂၀၀၀ စီ ရှိ၏။
(၂) ဤသန္ဓရတောင်-၎င်းင်းတောင်၏ ရေမြှုပ်ရေပေါ် အထုအနံတို့ကား ယူဇနာပေါင်း ၂၁၀၀၀ စီရှီ၏။
(၃) ကရ၀ိကတောင်-၎င်းင်းတောင်၏ ရေမြှုပ်ရေပေါ် အထုအနံတို့ကား ယူဇနာပေါင်း ၁၀၅၀၀ စီရှိ၏။
(၄) သုဒဿနတောင်-၎င်းင်းတောင်၏ ရေမြှုပ်ရေပေါ် အထုအနံတို့ကား ယူဇနာပေါင်း ၅၂၅၀ စီရှိ၏။
(၅) နေမိန္ဒရတောင်-၎င်းင်းတောင်၏ ရေမြှုပ်ရေပေါ် အထုအနံတို့ကား ယူဇနာပေါင်း ၂၆၂၅ စီရှိ၏။
(၆) ၀ိနတ္တကတောင်-၎င်းင်းတောင်၏ ရေမြှုပ်ရေပေါ် အထုအနံတို့ကား ယူဇနာပေါင်း ၁၃၁၂ ခွဲစီရှိ၏။
(၇) အဿကဏ်တောင်-၎င်းင်းတောင်၏ ရေအောက်မြှုပ် ရေထက်ပေါ် အထုအနံတို့ကား ၆၅၆ ယူဇနာ၊ တစ်တိုင်နှင့် တာ ၆၀၀စီ ရှိ၏။

တောင့်တ၍ မရကောင်းသောအရားမျိုး ၅-ပါး။ ။
(၁) ဇရာ- အိုခြင်းမှ၊
(၂) ဗျာဓိ- နာခြင်းမှ၊
(၃) မရဏ-သေခြင်းမှ၊
(၄) ခယဓမ္မ- ကုန်ခန်းဆုတ်ယုတ်ခြင်းမှ၊
(၅) နဿနဓမ္မ- ပျက်စီးခြင်းမှလွတ်ကင်းစေရန် တောင့်တ၍မရနိုင်ပေ။
ပဉ္စင်္ဂုတ္တရ၊ ပါ၊ ၄၇၊ ဋ္ဌ။ ၂၄-၌ အကျယ်ရှုပါ။

« တော် »

တော်ဖြောင့်ရခြင်း ၆-ပါး။ ။ လူတိုင်း အစဉ်လိုက်နာပြုကျင့်ရခြင်းအကြောင်း ၆-ပါးဟူလို။
(၁) ကတညူ- သူပြုဘူးသောကျေးဇူးကို သိရ ဆပ်ရခြင်း၊
(၂) ကတ ဝေဒိ- သူ့ကျေးဇူးကို ဖေါ်ထုတ်>မက်ဆို ချီးကျူးရခြင်း၊
(၃) ဒဠှတ္ထိ မိမိဆိုသောစကားကို မြဲမြံတည်ကြည်စွာရှိအောင် ပြုရခြင်း၊
(၄) ဒုက္ခံ- သူ့ဆင်းရဲမှုကို ကိုယ့်ဆင်းရဲကဲ့သို့ မှတ်ထင်ရခြင်း၊
(၅) ကလျာဏမိတ္တ ဗန္ဓ- အဆွေခင်ပွန်းကောင်းနှင့် မိတ်ဆက်ပြုဖွဲ့ရခြင်း၊
(၆) မိတ္တသံသဂ္ဂ ပေါင်းသင်းဆက်ဆံပြီးမိတ်ဆွေကောင်းတို့အား မပြစ်မှားရခြင်း၊ အစဉ်ပေါင်းရခြင်း။

တော်ဝင်သူ ၄-ယောက်။ ။ သာသနာဝင်ကျမ်းစာတို့၌ တော်တည့်မွန်မြတ်သည်ဟု ချီးကျူးထောပနာပြုခံရသော မိန်းမမြတ် ၄-ယောက်။
(၁) အမရာဒေ၀ီ- မဟော်သဓာ၏ဇနီး၊
(၂) စန္ဒ ကိန္နရီ- စန္ဒ ကိန္နရာ၏ဇနီး၊
(၃) မဒ္ဒီဒေ၀ီ- ဝေဿန္တရာမင်း၏ မိဖုရား၊
(၄) သမ္ဗူလဒေ၀ီ- သောတ္ထိသေနမင်း၏ မိဖုရား။

No comments:

Post a Comment