Sunday, December 21, 2008

တို-တိုက်-တိုင်-တိုင်း-တြ---တိုးတက်.. မှ တြိ

« တို »

တိုးတက်ကြီးပွား၊ အကြောင်းတရား၊ လိုက်စား ၇-ဖြာ။ ။ ၎င်းင်းသရုပ်ကို (ကြီးပွားတိုးတက်ကြောင်းတရား ၇-ပါး)ဟူသော သုတေသန၌ ဆိုခဲ့ပြီ။

« တိုက် »

တိုက်ကြီး ၇-တိုက်။ ။ ကမ္ဘာပေါ်ရှိ အကြီးဆုံးသော ကုန်းမြေအပိုင်းအခြားကြီးများ ဟူ၏။ လောကဓာတ်နည်း။
(၁) အာရှတိုက်၊
(၂) ဥရောပတိုက်၊
(၃) အာဖရိကတိုက်၊
(၄) သြစတြေးလိယတိုက်၊
၎င်းင်းတိုက်ကြီး ၄-တိုက် တို့သည် ကမ္ဘာဟောင်းခေါ် ကမ္ဘာလုံး၏အရှေ့ခြမ်း၌ ရှိကြသည်။
(၅) မြောက်အမေရိကတိုက်၊
(၆) တောင် အမေရိကတိုက်၊
ကမ္ဘာသစ်ခေါ် ကမ္ဘာလုံး၏ အနောက်ခြမ်း၌ ရှိကြသည်။
(၇) အန္တာတိတ်ကာတိုက်၊
တောင်ဝင်ရိုးဖျားအနီး အန္တာတိတ်သမုဒ္ဒရာတွင် ရှိသည်ဟူ၏။



« တိုင် »

တိုင်သံ ၁၀-ပါး၊ ကဗျားများ၊ ဆိုငြားအဘယ်နည်း။ ။ ကဗျာလင်္ကာရွတ်ဖတ်သီဆိုရာ၌ "တက်သံ နိမ့်သံ" နှစ်ပါးတို့၏အကြားမှ မှန်မှန် ရပ်ဖြတ်ရွတ်ဆိုရသော အသံတစ်မျိုး၊ ၎င်းင်းကိုပင် "သံလတ် သံမှန်"ဟုလည်း ခေါ်ကြသေး၏။
အကျယ်ကို ကဗျားဖွဲ့နည်း နိသျှည်းကျမ်း၌ ရှုလေ၊
အက် အစ် အတ် အပ် အိတ် အိပ် အုတ် အုပ် အောက် အိုက် တို့ ဖြစ်၏။

တိုင်ကြီး ၁၀-ပါး။ ။ ဗေဒင်ကျမ်းလာ ဇာတာဖွဲ့ရာ စသည်တို့၌ အသုံးပြုသည်။
(၁) မူလတိုင်၊
(၂) ဓာတ်တိုင်၊
(၃) စုတ်တိုင်၊
(၄) ပုညတိုင်၊
(၅) ဣဿရိယတိုင်၊
(၆) ပဋိသန္ဓေတိုင်၊
(၇) ပ၀တ္တိတိုင်၊
(၈) ထီးဖြူတိုင်၊
(၉) သီရိတိုင်၊
(၁၀) ဆင်ဖြူတိုင်။

တိုင်ပင်ခြင်းမျိုး ၃-ပါး။ ။ အတိုင်ပင်ခံဝင်သူတို့ သတိပြုဖွယ်ရာဖြစ်၏။ မိလိန္ဒပဥှာနှင့် စူဠနိဒ္ဒေသပါဠိတော်။
(၁) က၀ိ မန္တန- ပညာရှိတို့၏ တိုင်ပင်ခြင်း၊ ကောင်းမြတ်သင့်လျော်သော် နာယူ၍၊ မကောင်းထင်သော်ကား ဆိတ်ဆိတ်နေခြင်းမျိုး၊ ကောင်းသော်အားပေး၊ မကောင်းတားမြစ်၊
(၂) ရာဇ မန္တာ- မင်း၏တိုင်ပင်ခြင်း၊ အကျိုး ရှိမဲ့ကိုကား ပမာဏမထား၊ မင်းအလိုလိုက်ခါလျှောက်မှ ချီးမြှောက်ခြင်းပြုမည်ဖြစ်၍ မင်းအကြိုက်ချည်းလိုက်၍ ပြောဆိုရခြင်းမျိုး၊ သို့မဟုတ်က ရာဇဒဏ်ပေး ခံရတတ်သည်၊
(၃) ဒါသ မန္တန- ကျွန်၏တိုင်ပင်ခြင်း၊ သခင့်အလိုသို့လိုက်ခါ သခင့်အကြိုက်ချည်းဖြစ်အောင် ပြောဆိုရခြင်းမျိုး၊ မျက်နှာသာပေးရန်ဖြစ်သည်။
မှတ်ချက်။ ။ ပညာရှိတို့ကား က၀ိမန္တနမျိုးဖြင့်သာ တိုင်ပင်ခံကြ၏။

« တိုင်း »

တိုင်းကြီး ၉-မျိုး၊ မော်ကွန်းထိုး၊ အုပ်စိုးမြန်မာပြည်။ ။ ၎င်းင်း၏သုတေသနရပ်တို့ကို (မြန်မာ့တိုင်းကြီး ၉-တိုင်း) ၌ ရှုပါ။

တိုင်းကြီး ၁၀-တိုင်း။ ။ မြန်မာနိုင်ငံတော် ဘုရင်မင်းတို့ခေတ် ရာဇ၀င်မှ၊
(၁) သုနာပရန္တတိုင်း- လယ်ကိုင်း၊ ဖေါင်းလင်း၊ ကလေး၊ သောင်သွပ်၊ စသောပြည်တို့တည်ရာ၊
(၂) တမ္ပဒီပတိုင်း- ပုဂံ၊ ပင်းယ၊ အင်းဝ၊ မြင်စိုင်းစသော ပြည်တို့တည်ရာ၊
(၃) ကမ္ဗောဇတိုင်း- သီပေါ၊ ညောင်ရွှေ၊ မိုးနဲစသော ပြည်တို့တည်ရာ၊
(၄) ဇိန်တိုင်း- ဗမ်၊ ခွေးလုံ၊ စန္ဒာစသော ပြည်တို့တည်ရာ၊
(၅) သီရိခေတ္တရာမတိုင်း၊ သရေခေတ္တရာ၊ ဥဒေတရစ်၊ ပန်းတောင်းစသော ပြည်တို့တည်ရာ၊
(၆) ဇယ၀ဒ္ဓနတိုင်း- ကေတုမတီ၊ ဇယ၀တီ စသောပြည်တို့ တည်ရာ၊
(၇) ရာမညတိုင်း- ဟံသာဝတီ၊ ဒဂုံ၊ ဒလ၊ ကုသိမ်၊ ရောင်ပြ(မြောင်းမြ)၊ မုတ္တမ စသောပြည်တို့တည်ရာ၊
(၈) ဟရိဘုဉ္ဇတိုင်း- ဇင်းမယ်၊ ကျိုင်းသည် စသောပြည်တို့တည်ရာ၊
(၉) ခေမ၀ရတိုင်း-ကျိုင်းတုံ စသောပြည်တို့တည်ရာ၊
(၁၀) မဟာနဂရတိုင်း-ကျိုးရုံး၊ မိုင်းစည်စသော ပြည်ကြီးတို့၏တည်ရာဟူ၏။

တိုင်းကြီး ၁၆-တိုင်း။ ။ အင်္ဂုတ္တရ ပါဠိတော်လာ တိုင်းကြီးသောဠသ၏အမည်များ။
၁ အင်္ဂတိုင်း၊
၂ မဂဓတိုင်း၊
၃ ကာသိတိုင်း၊
၎ ကောသလတိုင်း၊
၅ ၀ဇ္ဇိတိုင်း၊
၆ မလ္လတိုင်း၊
၇ စေတိတိုင်း၊
၈ ၀ံသတိုင်း၊
၉ ကုရုတိုင်း၊
၁၀ ပဉ္စာလတိုင်း၊
၁၁ မဇ္ဈတိုင်း၊
၁၂ သူရသေနတိုင်း၊
၁၃ အဿကတိုင်း၊
၁၄ အ၀န္တိတိုင်း၊
၁၅ ဂန္ဓာရတိုင်း၊
၁၆ ကမ္ဗောဇတိုင်း။

တိုင်းကြီး ၁၇-တိုင်း။ ။ ၀ိသုဒ္ဓိမဂ် ဒု-အုပ် ၄၆။ မဇ္ဈိမပဏ္ဏာသ။ ဋ္ဌ။ ၂၅-တို့၌ အကျယ်ရှုပါ။

တိုင်းကြီး ၁၇-တိုင်း၊ တစ်နည်း။ ။ တိကင်္ဂုတ္တရ၊ ပါ။ ၂၃၁။ အဋ္ဌင်္ဂုတ္တရ။ ပါ။ ၈၁-၈၅။ စူဠနိဒ္ဒေသ။ ပါ။ ၁၅၀။ ဋ္ဌ။ ၄၂-တို့၌ ရှုပါ။
အင်္ဂ၊ မာဂဓ၊ ကလိင်္ဂ၊ ကာသိယ၊ ကောသလ၊ ၀ဇ္ဇီ၊ မလ္လ၊ စေတီယ၊ ၀ံသ၊ ကုရု၊
ပဉ္ဇာလ၊ မစ္ဆ၊ သူရသေန၊ အဿက၊ အ၀န္တိယ၊ ယောနက၊ ကမ္ဗောဇတိုင်း။

တိုင်းကြီး ၂၁-တိုင်း။ ။ ဗုဒ္ဓ ပိဋကတ်တော်၌ထင်ရှားသော တိုင်းကြီး ၂၁-တိုင်း။ 'မဂဓ' အဘိဓာန်မှ။
ကုရုတိုင်း၊ သက္ကတိုင်း၊ ကောသလတိုင်း၊ မဂဓတိုင်း၊ သိဝိတိုင်း၊
ကလိင်္ဂတိုင်း၊ အ၀န္တိတိုင်း၊ ပဉ္စလတိုင်း၊ ၀ဇ္ဇီတိုင်း၊ ဂန္ဓာရတိုင်း၊ (၁၀)
စေတီယတိုင်း၊ ၀င်္ကတိုင်း၊ ၀ိဒေဟတိုင်း၊ ကမ္ဗောဇတိုင်း၊ မဒ္ဒတိုင်း၊
ဘဂ္ဂတိုင်း၊ အင်္ဂတိုင်း၊ သီဟတိုင်း၊ ကသ္မိရတိုင်း၊ ကာသိတိုင်း၊ (၂၀) ပဏ္ဍ၀တိုင်း၊ (၂၁)။

တိုင်းပြည်အင်္ဂါ ၇-ဖြာ၊ ကျမ်းလာမည်သို့နည်း။ ။ သုကရသာရနီတိကျမ်း၊ အမရကောသ အဘိဓာန်ဋီကာ ကျမ်းတို့ ၌ကား ဤသို့လာ၏။
(၁) ပြည့်ရှင်မင်း, သမ္မတမင်းရှိစေရမည်၊
(၂) ၀န်ကြီး သံကြီး မင်းတိုင်ပင်အမတ်များ၊
(၃) စစ်မက်ကူညီရေး မဟာမိတ်မင်းများ၊
(၄) စားနပ်ရိက္ခာ ရွှေ ငွေ ဘဏ္ဍာများ၊
(၅) ကျုံးမြောင်းခံတပ် နယ်စပ်တံတိုင်း တောင်တော၊
(၆) ကျယ်ပြန့်သောတိုင်းနိုင်ငံတော်ဖြစ်ရခြင်း၊
(၇) စစ်သည်ဗိုလ်ပါ စစ်အင်္ဂါစုံ ကြည်း ရေ လေ တပ်စုရှိစေရမည်။

တိုင်းပြည်အေးမှု ကြောင်း ၁၀-ခု။ ။ ၎င်းင်း၏သရုပ်ကို မဃဒေ၀လင်္ကာ၌
"နေလ ဂြိုဟ်သွား၊ ဖြောင့်သားတဖြာ၊ မိုးမှန်စွာနှင့်၊ သြဇာတက်ဖြိုး၊ သီးမျိုးပေါယယ်၊ အန္တရာယ်ကင်းငြိမ်း၊
မုဒိမ်း မထွက်၊ စစ်မက်လည်းကင်း၊ ချင်းချင်းညီညွတ်၊ ဖြောင့်မတ်တရား၊ သုံးပါးရတနာ၊ ရိုသေစွာလျက်၊ သံဃာရဟန်း၊ စောင့်မှန်းအကျင့်၊ ဤဆယ်ဆင့်ကား၊ လင်းပွင့်တိုင်းပြည် သာကြောင်းတည်း"ဟု ဆိုထား၏။

တိုင်းပြည်တိုးတက် ကြီးပွားကြောင်းတရား ၇-ပါး။ ။ ၎င်းင်းသရုပ်ကို (အပရိဟာနိယတရား ၇-ပါး၊ ၈-နည်း) ဟူသော ပြဿနာရပ်၌ ဆိုခဲ့ပြီ။

တိုင်းပြည်ပျက်မှု၊ ကြောင်းဆယ်ခု။ ။ ၎င်းင်း၏သရုပ်အဓိပ္ပာယ်ကို (ပြည်ရွာပျက်မှု ကြောင်းဆယ်ခု)ဟူသော သုတေသန၌ ရှုပါ။

တိုင်းပြည်မြို့ရွာ အပြား ၆-ပါး။ ။ ၎င်းင်းသရုပ် အဓိပ္ပာယ်ကို (ပြည်ရွာအပြားမျိုး ၆-ပါး)၌ ပြမည်။

တိုင်းပြည်ရတနာ၊ ၉-ပါးလာ၊ စုံစွာဖြည့်၍ထား။ ။ မင်းအစိုးရတို့သည် တိုင်းပြည်၌
ပြည့်စုံစွာထားရှိကြရမည့် 'ပြည့်န၀ရတ်ခေါ်' ရတနာကိုးပါး၊ ကာမဏ္ဍကီကျမ်းမှ ၎င်းင်းတို့ကို မနှိပ်စက်မညှင်းပန်းရာဟူ၏။
(၁) ပြည့်ဦးကင်း-တိုင်းရေးပြည်မှုကို ဆောင်ရွက်စီမံပေးနိုင်သော မှူးကြီးမတ်ရာများ၊
(၂) ပြည့်တန်ခွန်- သီလ၀န္တ ပညာဝန္တ ရဟန်းတော်များ၊
(၃) ပြည့်မျက်စိ- လိမ္မာကျွမ်းကျင်ကုန်သောဆေးဆရာ ဟူးရားဗေဒင်ဆရာ စက်ယန္တယားဆရာများ၊
(၄) ပြည်၏နား- သစ္စာရှိသော သူလျှိုများ၊
(၅) ပြည့်အစွယ်- သူရသတ္တိရှိကြသည့် မင်းညီမင်းသား မင်းဆွေမျိုးများ၊
(၆) ပြည်ကြီး မျက်နှာ- ရုပ်ရည်ချောသည့် လှမျိုးမယ်များ၊
(၇) ပြည်၏ ၀မ်းဗိုက်- စားနပ်ရိက္ခာနှင့် ဥစ္စာပေါများသော သူဌေးသူကြွယ်တို့၊
(၈) ပြည်၏ခြေ- စစ်သည်ဗိုလ်ပါအပေါင်းနှင့်ယာဉ်မျိုးစုံ၊
(၉) ပြည်၏လက်- ခဲယမ်းမီးကျောက် အမြောက် သေနတ်စသော လက်နက်စုံ။

« တြ »

တြင်းအပြား ၃၆-ပါး။ ။ ဗေဒင်အလို တစ်ရာသီ၌ တြင်းသုံးခုရှိလေရာ ၁၂-ရာသီ၌ ၃၆-တြင်း ဖြစ်လေသည်။ ၎င်းင်းကိုပင် 'ဆတ္တိံ တြင်း' ခေါ်ကြ၏။

တြိကဋုက် ၃-ပါး။ ။ ပူစပ်သော အရာဝတ္ထု ၃-ပါးဟူလို၊ ငြုပ်၊ ပိတ်ချင်း၊ ဂျင်းကိုခေါ်သည်။

တြိဂုဏ်း ဂြိုဟ်နေ ရာသီ ၈-မျိုး။ ။ ၁၂-ရာသီအိမ်တို့တွင်
(၁) မိဿ၌ အင်္ဂါ၊
(၂) ပြိဿ၌ တနင်းလာ၊
(၃) သိဟ်၌ တနင်္ဂနွေ၊
(၄) ကန်၌ ဗုဒ္ဓဟူး၊
(၅) တူ၌ သောကြာ၊
(၆) ဗြိစ္ဆာ၌ ကြာသပတေး၊
(၇) မကာရ၌ ရာဟု၊
(၈) ကုမ်၌ စနေဂြိုဟ်၊
တို့ တွေ့ရှိမူ ဌာနဗလကိုစွဲ၍ ၃-ဆအားရှိသော တြိဂုဏ်းဂြိုဟ်များဟု သိရာ၏။

တြိဒေါသမျိုး ၃-ပါး။ ။ ၎င်းင်းသရုပ် (ဒေါသ ၃-ပါး)၌ ရှုပါ။

တြိဖလမျိုး ၃-ပါး၊ ၂-နည်း။ ။ ချို ချဉ် ဖန်၊ တစ်နည်း။ ခါး ဖန် ချို၊ ရသာ ၃-ပါးရှိသောအသီး၊ ဆေးကျမ်းဝေါဟာရ။ ၁ သစ်ရှားသီး၊ ရှစ်ရှားသီး၊
၂ သစ်ဆိမ့်သီး၊
၃ သဖန်းခါးသီး၊
တစ်နည်း။
၁ ဆီးဖြူသီး၊
၂ သစ်ဆိမ့်သီး၊
၃ ကြာဇုသီး။

တြိသုဂန္ဓိမျိုး ၃-ပါး။ ။ ၎င်းင်းသုံးပါးကို အမရိတ ဘေသဇ္ဇကျမ်း၌ မအို မနာဆေးဟု အလွန်ချီးမွမ်းထားလေသည်။ ပျားရည်နှင့်စားရာ၏၊
(၁) မုတ္တာ- နွားမြက်ရင်း၊
(၂) ပိပ္ပလ မူလ- ပိပ္ပလိမြစ်၊
(၃) ဂန္ဓ တိဏ- မြက်မွှေး။

တြိ သုဇာတ မျိုး ၃-ပါး။ ။ ဘယဆေးဖေါ်စပ်ရာ၌ အပေါင်းစကား။
(၁) ဖာလာသီး၊
(၂) ကရဝေးရွက်၊
(၃) ကရဝေးခေါက် ခေါ် သစ်ကြံပိုး၊
၎င်းင်းကို အချို့ဆေးကျမ်းတို့၌ "တြိဇာတ"ဟု ရေးသုံးသေး၏။

No comments:

Post a Comment